“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်၏” ဒီလိုဆိုကြတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာဖတ်နည်းကို ဖေါ်ပြကြခြင်း ဖြစ်တယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။ အဲဒီအထဲက S ဆိုတာကတော့ Situation “ခေတ်၏ အခြေအနေ”လို့ အကြမ်းဖျင်း အနက်ရတယ်။ I ဆိုတာကတော့ Intention “ စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ ၏ စေတနာ” ဖြစ်တယ်။ M ဆိုတာကတော့ Matter “အကြောင်းအရာ” ဖြစ်တယ်။ A ဆိုတာကတော့ Approach “ချည်းကပ်နည်း” ဖြစ်တယ်။ ယခုခေတ်ကတော့ “ဇောင်း” ပေးခြင်းလို့ ဆိုတယ်။ C ကတော့ Consistency “အကြောင်းအကျိုး” သို့မဟုတ် “ရှေ့နှင့်နောက် ဆီလျော်ခြင်း” သို့ မဟုတ် “ညီညွတ်ခြင်း”ဖြစ်တယ်။
အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင် ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါ ၅ချက်ကို တွေ့အောင် ရှာရတယ်။ ဒီအင်္ဂါ ၅ချက်ကလည်း ပေါ်တင်ကြီးတော့ ရှိမနေရဘူး။ ပေါ်တင်ကြီး ရှိနေပြန်ရင်လည်း ဒေါသသင့်တယ်လို့ ဆိုပါတယ်။ ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက် ရှိရမယ်။ ဒါမှ ဂုဏ်မြောက်တယ်လို့ ဆိုပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အရေကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲဖြစ်တယ်။
အကြောင်းအရာ ဆိုတာကတော့ “ပုံ”ဖော်စရာဖြစ်တဲ့ သဘောမို့ သိပ်ပြီး အရေးကြီးလှတယ်လို့ မသတ်မှတ်ကြပါဘူး။ သူသူငါငါ ပြောကြတဲ့ အကြောင်းအရာများ အားလုံးကို အကျဉ်းချုံးလိုက်လျှင် This “ဒီဟာ” ဆိုတာကိုပဲ ရပါတယ်။ လောကီရေး အရ ပြောပြော၊ လောကုတ္တရာရေး အရ ပြောပြော၊ ဘယ်သူကပဲ ပြောပြော “ဒီဟာ” ကိုပဲ ပြောကြတာပဲ။
ဒီနေရာမှာ “ဒီဟာ” ဆိုတာ ပစ္စုပ္ပန်တည့်တည့် မြင်ရ၊ ကြားရ၊ သိရတဲ့ အာရုံများပဲ ဖြစ်ပါ တယ်။ ဒီအာရုံများကို ပြောကြတဲ့ နေရာမှာ ချဉ်းကပ်မှု သို့မဟုတ် ဇောင်းပေးမှုကို လိုက်ပြီး ၀ါဒအမျိုးမျိုး ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် အနုလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခပွားစီးရေးကို မြင်ရပါတယ်။ ပဋိစ္စသမုပ္ပါဒ် ပဋိလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခငြိမ်းရေးကို မြင်ရပါတယ်။ ဒုက္ခ ပွားစီးရေးအတွက် ဇောင်းပေးခြင်းကို “မိစ္ဆာပဋိပဒါ” လို့ ဆိုပါတယ်။ ဒုက္ခ ချုပ်ငြိမ်းရေးအတွက် ဇောင်းပေးခြင်းကို “သမ္မာပဋိပဒါ” လို့ ဆိုပါတယ်။
ဘာပဲဆိုဆို ကြည့်စရာကတော့ “သဠာယတန” မှာ ထင်တာ အာရုံတစ်မျိုးတည်းပဲ ဖြစ်ပါတယ်။ ဒီအာရုံ တစ်မျိုး တည်းကိုပဲ This “ဒီဟာ”လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာထက် ဇောင်းပေးခြင်းက ပို၍ အရေးကြီးပါတယ်။
This “ဒီဟာ” ကိုပဲ ဇောင်းပေးတဲ့အခါမှာ ကွန်မြူနစ်ဝါဒနှင့် ဇောင်းပေးရင် This “ဒီဟာ”က တစ်မျိး ဖြစ်သွားပါတယ်။ This “ဒီဟာ” ကတော့ This “ဒီဟာ” ပါပဲ။ ပရမတ္ထ အရ မပြောင်းလဲ နိုင်သော်လည်း ပညတ္တိ အရတော့ ပြောင်းသွားတာပါပဲ။ ဘာသာရေးစကားနှင့် ပြောမယ်ဆိုရင် ၀ဋ္ဋနိဿိတ ၀ါဒနှင့် ကြည့်ရင် ဒါန သီလ ဘာဝနာက တစ်မျိုးဖြစ်ပြီး။ ၀ိဝဋ္ဋနိဿိတ၀ါဒ နှင့် ကြည့်ရင် ဒါန သီလ ဘာဝနာက တစ်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဇောင်းကိုပေးချင်လို့ မြတ်စွာဘုရား ပွင့်တော်မူလာခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ဇောင်း ဆိုတာကတော့ သမ္မာပဋိပဒါ သို့မဟုတ် ၀ိပဿနာ သမ္မာဒိဋ္ဌိပါ။ ဒါကြောင့် စာကို ဖတ်သည်ပဲဖြစ်ဖြစ်။ စာကို ရေးသည်ပဲဖြစ်ဖြစ် စာဖတ်နည်း အင်္ဂါ ၅ မျိုးနှင့် ဖတ်တတ်ဖို့ လိုပါတယ်။
ဒီစာဖတ်နည်း ၅ မျိုးဆိုတာကလည်း တကယ်တော့ နည်းသစ်နည်းဆန်း မဟုတ်ပါ။ နေတ္တိကျမ်းမှာ ပါပြီးဖြစ်တဲ့ ရှေးခေတ် ပိဋကတ်တော်များလေ့လာရေး နည်းပဲဖြစ်ပါတယ်။ ယုတ္တိဟာရ၊ လက္ခဏာဟာရနှင့် စတုဗျူဟာ ဟာရဟာ ဒီစာဖတ်နည်းများထက် ပိုပြီးတော့ စုံပါတယ်။
စာဖတ်တဲ့ အခါ ဘာကြောင့် ဒီအင်္ဂါတွေနှင့် ပြည့်စုံဖို့ လိုသလဲ။
ဒါကို သဘောပေါက်ဖို့ အတွက် ကွန်ပျူတာတို့၊ သချာင်္တို့ အကြောင်းကို နည်းနည်း သိဖို့ လိုတယ်။ အဲဒါသိရင် စာဖတ်တဲ့အခါ ဒီအင်္ဂါနှင့်ပြည့်စုံမှ အနက်ကို သိမှာပဲ။ ဒီလိုနားလည်လာမယ်။ မဟုတ်လို့ကတော့ သူတစ်လူ ငါတစ်မင်း တစ်ယောက်နှင့် တစ်ယောက် မတူဘဲ သိချင်သလို သိနေကြမှာ။ အဲဒီတော့ ပုဂ္ဂလဓိဋ္ဌာန် ဖြစ်ပြီး ဓမ္မဓိဋ္ဌာန် ဒါ ဘယ်ရှိတော့မလဲ။ ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်မားတဲ့ စာရယ်လို့ ဘယ်လိုလုပ်ပြီး ထွက်လာနိုင်တော့မလဲ။
သချာင်္ ဆိုပါတော့။ သချာင်္ဟာ ရှေးတုန်းက အတော်ခက်တဲ့ ဘာသာ။ ဒေါက်တာဘွဲ့ ရဖို့ တော်တော် ခက်တယ်။ ခုတော့ ဒေါက်တာဘွဲ့ ရတဲ့သူတွေ များလာပြီ။ များလာပြီးဆိုတာ ရှိလာကြလို့ပြောတာ။ အဲဘာကြောင့်လဲဆိုရင် လေ့လာနည်းစနစ် ကွာလို့ပဲ ဖြစ်တယ်။ လူကတော့ သိပ်ကွာလှတာ မဟုတ်ပါဘူး။
ရှေးကတော့ ဉာဏ်ရည်ဉာဏ်သွေးကို ပဓာနပြုတယ်။ ဒီတော့ ဉာဏ်ကောင်းမှ တတ်တာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ အချက်အလက်ကို မဓာနပြုတယ်။ အချက်အလက် ရှာနည်းကို မဓာနပြုပြီး သင်တယ်။ အချက်အလက် ရှာတတ်လာရင် တွက်နည်းအဆင့်ကို မြင်လာတယ်။ တွက်နည်းအဆင့်အတိုင်း တွက်ရင် ဘယ်သူတွက်တွက် မှန်တာပေါ့။ ကွန်ပျူတာဆိုရင် ပိုထင်ရှားတယ်။ ကွန်ပျူတာမှာ သိစိတ်တောင် မရှိဘူး။
ဒါပေမဲ့ အချက်အလက်တွေကို “ယုတ္တိ” နှင့် အညီ ထည့်ပေးလိုက်ရင် ကွန်ပျူတာက အဖြေထုတ်ပေးလိုက်တာ ပဲ။ ကွန်ပျူတာဆိုတာ ဘယ်စဉ်းစားတတ်မလဲ။ သိစိတ်မှ မရှိတာ။ ဒါကြောင့် အဖြေထုတ်ဖို့ အတွက် အချက်အလက်လိုတယ်။ “ယုတ္တိ” လိုတယ်။
ဒါဆိုရင် စာဖတ်တဲ့အခါမှာ အဖြေ “တစ်သံတည်း” ထွက်ဖို့အတွက် စာဖတ်နည်းပါ အချက်အလက်များ သိဖို့လိုကြောင်း ထင်ရှားတာပေါ့။ အချက်အလက်များကို ပြည့်စုံအောင် မသိရင်တော့ “ကောင်းတယ်”လို့ ပြောတဲ့သူက ပြောမယ်။ “မကောင်းဘူး”လို့ ပြောတဲ့သူကပြောမယ်။ ဒီတော့ ခက်တာပေါ့။ ဒါကြောင့် စာဖတ်တဲ့အခါမှာ စာဖတ်နည်းများကို နားလည်အောင် လေ့လာထားသင့်တယ်။
စာဖတ်နည်းကို ပုံစံထုတ်တဲ့အနေနဲ့ “မကောင်းဘူး။ အမှားတွေ ပါတယ်”လို့ ပြောတဲ့ ဓမ္မရံသီ ဆောင်းပါးအ ကြောင်းကို ပြောရအောင်။ ပထမ မှားတယ်လို့ ပြောတဲ့ အချက်က “ မြတ်စွာဘုရားသည် သန္တိသုခ နိုင်ငံတော်ကို တည်ထောင်တော် မူ၏” ဆိုတဲ့ အချက်ပဲဖြစ်တယ်။ ဒီနေရာမှာ နိဗ္ဗာန်ကို “ရွေပြည်” နှင့် တင်စားလေ့ ရှိပါတယ်။ ရှေးခေတ်ကတော့ ပြည်ပေါ့။ ခုခေတ်ကြတော့ နိုင်ငံ။ ဒီလို ဝေါဟာရ ပြောင်းသွား ပါတယ်။ ဒီလို တင်စားတာကို သမာဓိဂုဏ် ရောက်တယ်လို့ ဆိုကြတယ်။
သမာဓိဂုဏ်နှင့် ပတ်သက်ပြီး ကဗျာဒါသမှာ-
“အညဓမ္မော တတောညတြ၊ လောကသီမာ နုရောဓိနာ”လို့ ဆိုပါတယ်။ “သိပြီးသားနဲ့ မသိသေးတာကို ဆွဲခေါ်တဲ့ သဘောကို သမာဓိဂုဏ်”လို့ ဆိုလိုပါတယ်။
ဒီနေရာမှာ ပြည်တို့၊ နိုင်ငံတို့ ဆိုတာက သိပြီးသားပါ။ နိဗ္ဗာန်ကတော့ မသိသေးတဲ့ ဓမ္မ ဆိုပါတော့။ မသိသေး ဆိုတာကလည်း သစ္ဆိကရဏ သဘောနှင့်မသိခြင်းကို ပြောတာ။ အနုမာန သဘောနဲ့တော့ အားလုံးသိပါတယ်။ ဒါဟာလည်း ပြဿနာ မရှိပါဘူး။ နိဗ္ဗာန်ဆိုတာ ပြည်လည်းမဟုတ်ဘူး၊ နိုင်ငံလည်း မဟုတ်ဘူး။ အထည်ဒြပ်လည်း မရှိဘူး။ အသင်္ခတ နိစ္စ-ဓူဝ သန္တိသုခ သဘောသက်သက်ပဲလို့ ဗုဒ္ဓဘာသာဝင် အားလုံးက သိပြီးသားပါ။
ဒီသဘောကို လက်ရှိ ခေတ် အခြေအနေရှုထောင့်ကရော။ ရှေးခေတ်အခြေအနေ ရှုထောင့်ကရော မြင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိဉာဏ်အင်အားကို အထင်သေးလို့ မရပါဘူး။ ဒါက ရှင်းပါတယ်။
မရှင်းတာက တည်ထောင်သူပါ။ သမာဓိဂုဏ်ရဲ့ လက္ခဏာမှာ “ လောကသီမာ နုရောဓိနာ” လို့ ဆိုပါတယ်။ ပြည်မှန်သမျှ၊ နိုင်ငံမှန်သမျှ တည်ထောင်သူ ရှိရပါတယ်။ ဒါက လောကဓမ္မတာပါ။
“သမာဓိဂုဏ်” ရောက်အောင် တင်စားတဲ့ အခါ လေကဓမ္မတာကို လိုက်နာရတယ်။ ဒါမှ သမာဓိဂုဏ် ရောက်တယ်။ လိုက်နာတာကို “လောကသီမာ နုရောဓိ” ခေါ်တယ်။ လောကဓမ္မတာကို မလိုက်နာမိရင် ဖြစ်စေ၊ တင်စားစရာ ရှိတာကို “အကုန်လုံး” မတင်စားရင် ဖြစ်စေ “သသံသယ ဒေါသ” သင့်နိုင်တယ်။ ဒါက ကဗျာဒါသ ရဲ့ အဆိုပါ။ ကဗျာဒါသ ၌-
“နိဏ္ဏယုတ္တံ ပယုတ္တာနိ၊ သံသယံ ဇနယန္တိစေ” လို့ ဆိုတယ်။ “အကြောင်း အရာ တစ်ခုကို ဆုံးဖြတ်လို့ ရအောင်ရေးပါ။ သံသယ ရှိအောင် မရေးပါနဲ့။ သံသယ ရှိအောင်ရေးရင် သံသယဒေါသ သင့်တတ်တယ်”လို့ ဆိုတယ်။ နောက်တစ်ခါ တင်စားစရာ ရှိရင်လည်း “အကုန်”တင်စားပါ၊ ချန်မထားပါနဲ့လို့ ကဗျာဒါသဆရာက သမာဓိဂုဏ်နဲ့ ပတ်သက်ပြီး-
“ယုဂပန္နေက ဓမ္မာနံ၊ အဈာ သော စ မတော ယထာ”လို့ မှာပြန်ပါတယ်။ ဒီမှာထားချက်အရ အလင်္ကာရ စာပေ အမြင်မှ သန္တိသုခနိုင်ငံတော်ကို တည်ထောင်သူဟာ မြတ်စွာဘုရား။ မာယာသုခ နိုင်ငံတော်ကို တည်ထောင်သူက မာရ်နတ်လို့ အပြည့်အစုံ တင်စားခြင်းပါ။ ထာဝရဘုရားကများ ဖန်ဆင်းတာ ဖြစ်လေမလား ဆိုတဲ့ သသံသယ ဒေါသကို မရောက်စေလိုလို့ အပြည့်အစုံ တင်စားခြင်းဖြစ်တယ်။
အကြောင်းအရာ တစ်ခုကို ဆုံးဖြတ်တဲ့အခါ “ဘက်စုံ” မြင်ဖို့ ကြိုးစားရတယ်။ ဘက်စုံ မမြင်ဘဲ ဆုံးဖြတ်ရင် ဒဿန ဆရာများက “အဒ္ဓဇရာတိယ ပဏ္ဍိစ္စ”လို့ ကဲ့ရဲ့တယ်။ အဒ္ဓဇရာတိယ၏ အနက်က “တစ်ဝက်အို” ဖြစ်တယ်။ သီလက္ခာန် ဋီကာသစ်ဆရာကြီးကတော့ “သတ္တဘင်္ဂီနယ”လို့ ဆိုပါတယ်။
အကြောင်း အရာတစ်ခုမှာ မြင်ထောင့် ၇ ခုရှိတယ်။ ဒီမြင်ထောင့်များဟာ သူ့ထောင့် အလိုက်တော့ တစ်ခုစီ အနေနဲ့ မှန်တယ်။ ဒါပေမဲ့ အပြည့်အစုံ တော့ မမှန်ဘူး။ အပြည့်အစုံမှန်ရလေအောင် ထောင့် ၇ ခုလုံးကို ချေဖျက်ပြီး ပြောရတယ်။ ဒါက “သတ္တဘင်္ဂီနယ”ရဲ့ ဆိုလိုရင်းပါ။ အိန္ဒိယ ဒဿနကတော့ သတ္တဘင်္ဂီနယကို “သိယာဝါဒ”လို့ ဆိုပါတယ်။ တစ်ခုချင်းစီ အနေနဲ့တော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုတာပါ။ ဒါပေမဲ့ အားလုံးကျတော့ ”မှားတယ်”လို့ ဆိုလိုတာပါ။
ဥပမာအနေနဲ့ ပြောရရင် မျက်မမြင် ပုဏ္ဏား ၆ယောက် ဆင်ကိုလက်နဲ့ စမ်းပြီး ပြောသလိုပါ။ သူ့ဟာနဲ့ သူတော့ အမှန်ပဲ။ တစ်ခုလုံး အတွက် မှန်လားဆိုတော့ မမှန်ဘူး။
နိုင်ငံတော် နှစ်ခုရှိတယ်။ မာယာသုခနိုင်ငံတော်နှင့် သန္တိသုခနိုင်ငံတော်။ ဒါတွေဟာ သမာဓိဂုဏ် အတွက် အားလုံး တင်စားချက်တွေပါ။ တင်စားတာလား ၊ မုချလားလို့ ခွဲမသိတဲ့လူ ဗုဒ္ဓဘာသာဝင် ထဲမှာ ရှိမှာ မဟုတ်ပါဘူး။ အရိယာများဟာ ဘ၀ချမ်းသာ၌ မမွေ့လျော်ကြဘူး။ သုဒ္ဓ၀ါသ ဘုံများ၌ပင် နေရစေကာမူ ဘ၀ချမ်းသာ၌ မမွေလျော်ကြဘူး။ ဘ၀ဟာ သုခမဟုတ်ဘူး၊ ဒုက္ခဆိုတာ သူတို့သိကြတယ်။
ဒါကြောင့် ဘုံဘ၀၌ ငြီးငွေပြီး ဘုံဘ၀မှ အားလုံးလွတ်မြောက်လိုကြတယ်။ ကိုက နေပေမဲ့ စိတ်က မနေဘူး။
ဒီသဘောကို ရည်ရွယ်ပြီးတော့ “မာယာသုခ နိုင်ငံတော၌ အရိယာများ နေတော်မမူကြချေ”လို့ ဆိုတာပါ။ ဒါဟာလဲ တင်စားတာပါ။ သမာဓိဂုဏ်အတွက် တင်စားခြင်းပါ။ တင်စားမှန်းလည်း သိကြပါတယ်။ ဗုဒ္ဓဘာသာ စာဖတ်ပရိတ်သတ်ဟာ မညံ့ပါလှပါဘူး။ ဒါပေမဲ့ “ညံ့လွန်း”ရင်လည်း အန္တရယ် မရှိဘူး။ “တော်လွန်း” ရင်လည်း အန္တရာယ်မရှိဘူး။ မညံ့တညံ့ (၀ါ) မကျက်တကျက်သာ အန္တရယ် ရှိတယ် လို့ လောကနီတိ ဆရာကလဲ “အပ္ပပညော မဟာသကော၊ အပ္ပပူရော ဃဋော ခေါဘေ”လို့ ဆိုတယ်။ အင်္ဂလိပ် စကားပုံကလည်း Little knowledge is dangerous လို့ ဆိုပါတယ်။ ဒီအဆင့်မျိုး ဗုဒ္ဓဘာသာ စာဖတ်ပရိတ်သတ်ထဲမှာ မရှိပါဘူး။
“မြတ်စွာဘုရားသည်သာ သန္တိသုခနိုင်ငံတော်ကို သိတော်မူ၏” လို့ဆိုတာကလည်း စာဖတ်တဲ့အခါ-
၁။ ခေတ်နှင့် ခေတ်၏ အခြေအနေကို သိမယ်။
၂။ စာရေးသူ၏ ဦးတည်ချက်ကို သိမယ်။
၃။ အကြောင်းအရာကို သိမယ်။
၎။ ချဉ်းကပ်ထောင့်ကို သိမယ်။
၅။ ရှေ့နှင့်နောက် ညီညွတ်မှု ရှိမရှိကို သိမယ်။ ဒီ ၅ ချက်ကို သိထားရင် စာပိုဒ်ရဲ့ အနက်မှန်ကို သိပါတယ်။ အနက်မှန် သိရေးအတွက် ဒီ ၅ ချက်ဟာ အနည်းဆုံး လိုအပ်ချက်ပါပဲ။ ဒီ ၅ ချက်ကိုမှ သိမထားရင်တော့ စာတစ်ပိုဒ်၏ အနက်ကို သိဖို့ ခက်တယ်။
ခေတ်နှင့် ခေတ်အခြေအနေကို ကြည့်မယ်ဆိုရင် မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှ ၀ါဆိုလပြည့်ကျော် ၅ရက်မတိုင်မီ တစ်လကျော်ကာ အခြေအနေကို သိဖို့လိုမယ်။ အလောင်းတော် မင်းသားဟာ “စကြာဝတေးမင်း”ဖြစ်အောင် မလုပ်ဘူး။ “ဘုရား”ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ကျင့်တော်မူလိုက်တာ ခု ဘုရားဖြစ်ပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။ သစ္စာလေးပါးကို သိပြီ၊ ဒီအချိန်မှာ နိဗ္ဗာန်ကိုသိတာ မြတ်စွာ ဘုရားတစ်ပါးတည်း ရှိသေးတယ်။ ဒါက တစ်ချက်။
နောက်တစ်ချက်က မြတ်စွာဘုရားသည် “အတုလ” ဖြစ်တယ်။ “ဧကပုဂ္ဂလ“ဖြစ်တယ် ဒါမှန်တယ်။ နောက်ပဉ္စ၀္ဂီတို့ သောတာပန်ဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်။ သစ္စာလေးပါးကို သိတယ်။ ၀ါဆိုလပြည့်ကျော် ၅ရက်နေ့ကျတော့ အားလုံးရဟန္တာဖြစ်သွားကြတယ်။ ဒီတော့ သန္တိသုခကို သူတို့လည်း သိတာပေါ့။ အားလုံး နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့နေရာမှာ သစ္စာလေးပါးကို သိတော်မူတဲ့ နေရာမှာ အတူတူပဲ။ ဘာမှ မထူးဘူး။
ဒီလို ဆိုကြတယ်။ ဒါက အာရုံပိုင်းဆိုင်ရာ ပြဿနာ Ontological View အနေနဲ့ ပြောကြခြင်း ဖြစ်တယ်။ သိမှုပိုင်း ဆိုင်ရာ ပြဿနာ Epistemological View အနေနဲ့ကျတော့ မတူဘူး။ ထူးတယ်။
မြတ်စွာဘုရား၏ အရတ္တမဂ်ဉာဏ်က “သဗ္ဗညုတ” ထိုက်တဲ့ ဉာဏ်။ အခြားအရိယာများ၏ အရဟတ္တမဂ်ဉာဏ်က သဗ္ဗညုတ မထိုက်ဘူး။ ဒါကြောင့် မြတ်စွာဘုရားသည် အရဟတ္တမဂ်ဉာဏ်ကို ရတာနဲ့ သဗ္ဗညုတဉာဏ် ရခြင်း ကိစ္စကိုပါ ပြီးစီးစေနိုင်ခြင်းဖြစ်တယ်။ ဒါက ချဉ်းကပ်နည်းနဲ့ ဆိုင်တဲ့ အနက်ပါ။
သဗ္ဗညုတအရ “အားလုံးကို သိတယ်” ဆိုတဲ့နေရာမှာ အားလုံးဟာ ၂ မျိုးရှိတယ်။ အရေအတွက် အရ အားလုံးနှင့်၊ အရည်အချင်းအရ အားလုံးဖြစ်တယ်။ အရေအတွက် အရ အားလုံးဆိုတာ သိစရာ မှန်သမျှ တစ်ခုမှ မကျန် အားလုံးကို သိခြင်းဖြစ်တယ်။ ဒါဟာ အာရုံပိုင်းဆိုင်ရာ ပြဿနာပါ။
အဲဒီ သိစရာတွေ သိတဲ့အခါမှာ အားလုံးကို တစ်ပြိုင်နက် သိတာမဟုတ်ဘူး။ တစ်ခုစီ တစ်ခုစီ အာရုံပြုပြီး သိတာ။ ဥပမာအားဖြင့် “က”ကို သိတယ်ဆိုရင် အခြားပုဂ္ဂိုလ်များက “က”နှင့် ပတ်သက်သမျှ အားလုံးကို မသိဘူး။ ဒါကြောင့် သဗ္ဗညု” မဟုတ်ဘူး။ မြတ်စွာဘုရားကတော့“က”ကို သိရင် “က”နှင့် ပတ်သက်တာ အားလုံးကို သိတယ်။ “ခ”ကို သိရင် “ခ”နှင့် ပတ်သက်တာ အားလုံးကို သိတယ်။ ဒါကြောင့် “သဗ္ဗညု”ဖြစ်တယ်။
“သဗ္ဗညု” ဖြစ်လောက်အောင်လည်း အရဟတ္တ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတုန်းက ၀ါသနာနှင့်တကွ ကိလေသာတွေ အားလုံးကို ပယ်နိုင်သောကြောင့်ဖြစ်တယ်။ ဥပါဒါနပစ္စယာ ဘဝေါ(ဇော) အရ ၀ါသနာဟာ သိမှုအပေါ်မှာ ဘယ်လောက် လွှမ်းမိုးနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ “ဣဿာ” ၀ါသနာပါတဲ့သူဟာ သူတစ်ပါးကို “ဣဿာ” မျက်စိနဲ့ပဲ မြင်တတ်တယ်။ “လောဘ” ၀ါသနာပါတဲ့ သူဟာ ဘာကိုကြည့်ကြည့် “လောဘ” မျက်စိနဲ့ပဲ ကြည့်တတ်တယ်။
ကိလေသာကို ၀ါသနာနှင့်တကွ ပယ်သတ်နိုင်ခြင်းသည် သဗ္ဗညုတဉာဏ် ရခြင်း၏ အကြောင်း ဖြစ်တယ်။ အာရုံပိုင်း အနေနဲ့ကတော့ နိဗ္ဗာန်ဟာ အပြောင်းအလဲ မရှိဘူး။ This ဒီဟာ- ဒီဟာပါပဲ။
အာရမ္မဏိကပိုင်း အနေနဲ့ကျတော့ အပြောင်းအလဲ ရှိတယ်။ လောကမှာ မြတ်စွာဘုရားနှင့် ရည်တူ သိသူရယ်လို့ မရှိပါဘူး။ လောကမှာလည်း ဆိုရိုးရှိတယ်။ အကြောင်းအရာ တစ်ခုနှင့် ပတ်သက်ပြီးတော့ အသိဆုံး ဖြစ်ရင် “သူသာသိတာ၊ တခြား “သူ့”လောက် ဘယ်သူမှ မသိဘူး” ဒီလိုပြောရိုးဆိုစဉ်ရှိတယ်။
ဒါကြောင့် ခေတ်နှင့် ခေတ်၏ အခြေအနေမှ ကြည့်ရင်လည်း ထိုအချိန်မှာ မြတ်စွာဘုရား တစ်ပါးတည်းပဲ သစ္စာ လေးပါးကို သိသူ ရှိသေးတာ။ ဒီနောက် သိမှုဆိုင်ရာ မြင်ကွင်း (Epistemological View) ကကြည့်ရင်လည်း မြတ်စွာဘုရားဟာ သစ္စာလေးပါးကို သိတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ အခြား ဘယ်နေရာမှာပဲဖြစ်ဖြစ် “အတုလ” ၀ါ၊ “ဧကပုဂ္ဂလ” ၀ါ။ သဒ္ဒါနည်းအရ ဆိုရင်တော့ “သဒ္ဓါဓိကော အတ္တာဓိကော” ပေါ့။
ဒီတော့ ဘက်စုံကြည့်နည်းအရ ကြည့်လျှင် ဒီစာပိုဒ်ဟာ မမှားပါဘူး။ ဆင်ရဲ့ အစွယ်ကိုသာ စမ်းမိပြီး “ဆင်” ဟာ “သန်လျက်လိုပဲ” လို့ပြောတဲ့ မျက်မမြင်ပုဏ္ဏား အမြင်မျိုးနဲ့ ကြည့်ရင်တော့ စာတစ်ပိုဒ်၏ အနက်ကို မှန်အောင် သိဖို့ မလွယ်ဘူး။
နောက်တစ်ချက်က “နာနာက္ခဏိက `ကံ` ဟာ ဥပါဒ်၊ ဌီ၊ ဘင် မရှိဘူး” ဒီအဆိုကို မှားတယ် လို့ ဆိုကြတယ်။
အမှန်ကတော့ မမှားဘူး။ ပဋ္ဌာန်းအရဆိုလျှင် “ကံ”ဆိုတာ ဇော စေတနာပဲ။ ဒီတော့ ပထမ ဇောစေတနာကို ပြောရမယ်ဆိုရင်၊ မိမိမချုပ်ခင် အခိုက်မှာ သဟဇာတကမ္မဖြစ်တယ်။ ဒီတော့ ကမ္မ၊ သဟဇာတ၊ နိဿယ၊ အဟာရ၊ အတ္ထိ၊ အ၀ိဂတ”လို့ ၆ ပစ္စည်း ပြိုင်နိုင်တယ်။
ဒီမှာ အတ္ထိ နှင့် အ၀ိဂတ ပါတယ်။ အတ္ထိနှင့် အ၀ိဂတ ပါတော့ သဟဇာတကမ္မမှာ ဥပါဒ်၊ ဌီ၊ ဘင် ရှိတဲ့ သဘောကို ပြောတာ။ ဒါက “သဟဇာတကမ္မ”အခိုက်။
နောက် ပထမဇော ချုပ်သွားပြီ၊ ဒုတိယဇော ၀င်လာတယ်။ ဒုတိယဇောဝင်လာတော့ ပထမဇောက သဟဇာတကမ္မကနေ အနန္တရ ကမ္မ(အာသေ၀န) ဖြစ်သွားတယ်။ ဒီတော့ ပထမဇောက ကမ္မ(အာသေ၀န)၊ အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ၀ိဂတလို့ ၆ ပစ္စည်းပြိုင်တယ်။ ဒီမှာ နတ္ထိနှင့် ၀ိဂတပါတယ်။ နတ္ထိနှင့် ၀ိဂတဆိုတာ ဥပါဒ်၊ ဌီ၊ ဘင် မရှိတဲ့သဘောကို ပြောတာ။
နောက်ဒုတိယဇော ချုပ်သွားပြီ။ တတိယဇော ၀င်လာတယ်။ ဒီမှာ ဒုတိယဇောက တတိယဇောအား ကမ္မ(အာသေ၀န)၊ အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ၀ိဂတလို့ ၆ ပစ္စည်းပြိုင်တယ်။ ပထမဇောက တတိယဇောအား ကမ္မ(နာနာက္ခဏိက)၊ ဥပနိဿယ လို့ ၂ ပစ္စည်းပဲ ပြိုင်တယ်။
ဒီမှာ ဆိုချင်တာက “ပထမဇော”သည် မိမိ ဥပါဒ်ခိုက် သဟဇာတကမ္မဖြစ်တယ်။ ဥပါဒ်၊ ဌီ၊ ဘင်ဟူ၍ ခဏငယ် သုံးချက်ရှိတယ်။ ဒုတိယဇော ၀င်လာတယ်။ ဒီတစ်ခါ “ပထမဇော”သည် အနန္တရ၊ ကမ္မ(အာသေ၀န) ဖြစ်သွားတယ်။ ဥပါဒ်၊ ဌီ၊ ဘင် ဟူ၍ ခဏငယ်သုံးချက် မရှိတော့။ ဒီတစ်ခါ “ပထမဇော” သည် နာနာက္ခဏိက ကမ္မဖြစ်သွားတယ်။ ဥပါဒ်၊ ဌီ၊ ဘင်ဟူ၍ မရှိတော့။ “ဇော”တွေဟာ ဒီသဘောချည်းပါပဲ။
ဒါဖြင့် “ဥပါဒ်၊ ဌီ၊ ဘင် မရှိရင် ဘာမျှ မရှိတော့ဘူးလား”လို့ မေးရင်တော့၊ နိဗ္ဗာန် မရမချင်း သတ္တိ အနေနဲ့ အရိပ်ပမာ သန္တာန်၌ အစဉ်လိုက်ပါတယ်။
ဒီပဋ္ဌာန်းဒေသနာတော်ကို ထောက်ရင် နာနာက္ခဏိက ကမ္မဟာ ဥပါဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ခဏတ္တယဟာ မုချအားဖြင့် မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဥပစာရ အားဖြင့် ရှိတယ်လို့ ဆိုချင်ရင်တော့ ဆိုပါ။
နောက်တစ်ချက်က “ဘ၀ ပွားစီးရေးအတွက် လုပ်တဲ့ ဒါန၊ သီလ၊ ဘာဝနာဟာ သာသနာတော်ကို ဖျက်လိုစိတ် မရှိပါဘဲနဲ့ ဖျက်ဆီးရာရောက်တယ်” ဆိုတဲ့ အဆိုနဲ့ ပတ်သက်ပြီးတော့ မမှားကြောင်း သံဃ၊ ၂၊ ၁၈(ပဋိပဒါ) သုတ်မှာ-
ယံ ဟိ ကိဉ္စိ ဘ၀တ္တယ သင်္ခါတံ ၀ဋ္ဋ ပတ္ထေတွာ ပ၀တ္တိတံ၊ အန္တမသော ပဉ္စဘိညာ အဋ္ဌ ၀ါ သမာပတ္တိယော၊ သဗ္ဗံ တံ ၀ဋ္ဋပက္ခိယံ ၀ဋ္ဋ သီသန္တိ၊ ၀ဋ္ဋ သီသတ္တာ မိစ္ဆာပဋိပဒါဝ ဟောတိ- လို့ဆိုတယ်။ မြတ်စွာ ဘုရား ပွင့်တော်မူလာ တာက “သမ္မာပဋိပဒါ” ကို ဟောချင်လို့ ပွင့်လာတာ။ ဒီတော့ “မိစ္ဆာပဋိပဒါ”နဲ့ “သမ္မာပဋိပဒါ” ဟာ ဖြောင့်ဖြောင့် ဆန့်ကျင်ပါတယ်။
ဒီတော့ စာတစ်ပိုဒ်ရဲ့ အနက်မှန်ကို သိချင်ရင် စာဖတ်နည်းကို သိမှ၊ စာဖတ်နည်းကို သိချင်ရင် နေတ္တိ ကျမ်းကို လေ့လာမှ။ အကုန်လုံး မလေ့လာနိုင်ရင်တောင် “ယုတ္တိဟာရ၊ လက္ခဏာဟာရ၊ စတုဗျူဟာ ဟာရ” ကိုတော့ သိမှဖြစ်မယ်။
ဆောင်းပါးရှင်တွေဟာ သူ့ပရိတ်သတ်နဲ့သူပါ။ အမြင်ချင်း တူကြရင် အကြိုက်ချင်းတူကြတာပဲ။ ခက်တယ်၊ လွယ်တယ် မဟုတ်ပါဘူး။
ဓမ္မရံသီ မဂ္ဂဇင်းပါ “ချမ်းသာကို ရှာဖွေခြင်း” ဆောင်းပါးရဲ့ ဦးတည်ချက်က ဘ၀ကို မဇ္ဈိမပဋိပဒါနှင့် ကြည့်တတ်ရင် “သန္တိသုခ”ကို ရတယ်လို့ ဆိုတာပါ။ အကြောင်းအရာကတော့ ပဋိစ္စသမုပ္ပါဒ်ကို အခြေခံပြီး ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်၊ ပေါင်းသုံးသုတ်ကို ရေးခြင်းပါ။ ဒီသုံးသုတ်ဟာ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ပထမဦးဆုံးလည်းဖြစ်၊ အရေးအကြီးဆုံးလည်းဖြစ်။ အခြေခံ အကျဆုံးလည်း ဖြစ်လို့ပါပဲ။
ဆောင်းပါးအမှတ်စဉ်က (၁၇)ရှိသွားပါပြီ။
နောက်ဆုံးပြောချင်တာက “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်”ဆိုတဲ့ ၀ါဒဟာ မက္ခလိဂေါသာလ ၏ ၀ါဒဖြစ်လို့ အင်မတန် အန္တရယ်ကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဆင်ခြင်ဖွယ်ပါ။ သံဝေဂယူဖွယ်ပါ။
“လက်ဖက်ရည် ပန်းကန်လုံးထဲ၌ မုန်တိုင်းကို မြင်ချင်းသည် မှန်သောမြင်ခြင်း။” မဟုတ်ပါ။ ဤသဘောကို စာဖတ်သူများ အနေဖြင့် သတိပြုနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။
မှတ်ချက်။ အမှားပါလျှင် ရေးကူးသူ အကျွန်နုပ်၏ အမှားသာဖြစ်ပါသည်။
Sunday, August 3, 2008
စာဖတ်နည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment